25/02/2026
Pain Au Chocolate
အရေအတွက် - ၈ ခု
အလေးချိန် - ၇၅ ဂရမ်
ပြုလုပ်ချိန်
မုန့်သားနယ်ချိန် - ၉ မိနစ်
ရေခဲသေတ္တာထဲထည့်သိမ်းချိန် - ၂ နာရီ
အပွခံချိန် - ၁ နာရီ ၃၀ မိနစ်
မုန့်ဖုတ်ချိန် - ၁၅ မိနစ်
အချဉ်ဖောက်မုန့်သားအတွက် ပါဝင်ပစ္စည်းများ
ပေါင်မုန့်ဂျုံ - ၂၅ ဂရမ်
ရေ - ၂၅ ဂရမ်
ပွဆေး - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံး ဇလုံထဲ ထည့်ရောမွှေပြီး လေလုံအောင် ဖုံးပါ။ တစ်ရက်ကြိုလုပ်၍ ရေခဲသေတ္တာ ထဲ သိမ်းထားပါ။
Pain Au Chocolate တွက် ပါဝင်ပစ္စည်းများ
ပေါင်မုန့်ဂျုံ - ၂၅၀ ဂရမ်
ပွဆေး - ၁၀ ဂရမ်
သကြား - ၃၅ ဂရမ်
ကြက်ဥ - ၁ လုံး
ထောပတ် - ၁၅ ဂရမ်
ဆား - ၅ ဂရမ်
ရေခဲရေ - ၁၁၀ ဂရမ်
အချဉ်ဖောက်မုန့်သား
Unsalted butter (သို့) pastry magarine - ၁၂၅ ဂရမ် (မှတ်ချက် - တစ်မျိုးသာသုံးရန် )
၁။ ပေါင်မုန့်ဂျုံ၊ ပွဆေး၊ သကြား၊ ကြက်ဥ၊ ရေ၊ အချဉ်ဖောက်မုန့်သားအားလုံးရော၍ စက်ထဲထည့်ပြီး ဂျုံမွှေတံ (Dough hook) ဖြင့် ၁ မိနစ်ခန့် slow speed ဖြင့် မွှေပါ။ ဆားထည့်၍ medium speed သို့ ပြောင်းပြီး ၅ မိနစ်ခန့် မွှေပါ။ ထောပတ်ထည့်ပြီး ၃ မိနစ်ခန့် ထပ်မွှေပါ။ ဂျုံသားနယ်၍ တော်မတော်ကို စမ်းသပ်ကြည့်ပါ။ ဂျုံသားအနည်းငယ်ယူ၍ လက်ချောင်းလေးများဖြင့် ဖိပြားပြီး ပလတ်စတစ်ပါးသလို ဖြည်းဖြည်းချင်း ညင်သာစွာ ဆွဲကြည့်ပါ။ ဂျုံသားမပြတ်ထွက်၊ မပြဲထွက်တော့ဘူးဆိုရင် ဂျုံသားနယ်လို့ တော်ပါပြီ။
၂။ ဂျုံသားကို အရင်လုံး၍ အလျား ၉ လက်မ၊ အနံ ၆ လက်မခန့် ထောင့်မှန်စတုဂံပုံလိပ်၍ Deep Freezer ထဲ မိနစ် ၃၀ ခန့် ထည့်သိမ်းပါ။ ဂျုံသားအေး၍ အနည်းငယ်ခဲ၍ ရောဘာအနေအထားလို မာလျှင် ရပါပြီ။ ဂျုံပြားကို Deep freezer ထဲကထုတ်၍ pastry magarine (သို့) unsalted butter မပျော့မမာကို ဂျုံပြား-- ဘေးတစ်ဖက်တွင် ထား၍ ကျန် ဂျုံပြားတစ်ဝက်ကို pastry magarine (သို့) unsalted butter အပေါ်သို့ ပြန်အုပ်ပါ။ ဂျုံသားထဲကို pastry magarine (သို့) unsalted butter ထည့်လိုက်ခြင်း ဖြစ်ပါတယ်။ Croissant , Danish pastry ပြုလုပ်နည်း အတိုင်းဖြစ်ပါတယ်။ ဆီဟုခေါ်တဲ့ Pastry magarine ( သို့) unsalted butter ထည့်ပုံထည့်နည်း၊ ခေါက်ပုံခေါက်နည်း၊ လိပ်ပုံလိပ်နည်း အတူတူပဲ ဖြစ်ပါတယ်။ အထဲထည့်ထားတဲ့ pastry magarine (သို့) unsalted butter ပြန်မထွက်လာအောင် ပွင့်နေတဲ့ ဂျုံသား ၃ နားကို လက်ချောင်းကလေးများဖြင့် ဖိပြီး သေချာပိတ်ပါ။ ထောင့်မှန်စတုဂံပုံ ဂျုံပြား လေးထောင့်ညီအောင် သတိထား၍ ပြုလုပ်ရပါမယ်။ ဂျုံပြား ၄ နားအနက်မှ အလျားသည် တစ်ဖက်ပွင့် အခြမ်းဖြစ်၍ အနံက နှစ်ဖက်ပွင့်တွေဖြစ်နေပါမယ်။ နှစ်ဖက်ပွင့် အနံနှစ်ဖက်ကို အရှည်တလိမ့်တုံးဖြင့် ပြန်လိပ်ပေးရမှာ ဖြစ်ပါတယ်။ ၁၂ လက်မ အရှည်ခန့် လိမ့်ပါ။ အထူအပါး ၀.၅ စင်တီမီတာခန့် အထူလိပ်ပါ။ ဂျုံအရှည်တစ်ဖက်ကို ၃ ချိုး ၂ ချိုး ယူ၍ အလယ်နားထိ ခေါက်ပါ။ ကျန်အနားတစ်ဖက်ကို ခေါက်ထားသော အပေါ်ပြန်ဖုံးပါ။ တစ်ဖက်ခေါက်လို့ ခေါ်ပါတယ်။ Deep freezer ထဲ မိနစ် ၂၀ ခန့် ဂျုံသားနဲ့ အတွင်း ထည့်ထားတဲ့ pastry magarine (သို့) unsalted butter အနည်းငယ် မပျော့မမာ ခဲလာသည်အထိ သိမ်းထားပါ။ တစ်ကြိမ်လိပ်၍ ခေါက်ပြီး ဖြစ်ပါတယ်။
၃။ Deep Freezer ထဲ ပြန်ထုတ်ပြီး နောက်ထပ် နှစ်ကြိမ် တလိမ့်တုံး ( Rolling pin) ဖြင့် လိပ်၊ ခေါက်၊ Deep freezer ထဲသိမ်းပါ။ စုစုပေါင်း ၃ ကြိမ် လိပ်၊ ခေါက်၊ Deep freezer ထဲ သိမ်းရပါမယ်။
၄။ ဂျုံသား အထူအပါး ၀.၂ စင်တီမီတာခန့် အထိ တလိမ့်တုံး ဖြင့် ထောင့်မှန်စတုဂံပုံ အနားများ ညီညီညာညာ ဖြစ်အောင် လိပ်ပါ။ ဓား (သို့) pastry wheel ဖြင့် ၃ လက်မ ၄ လက်မ ထောင့်မှန်စတုဂံပုံဖြစ်အောင် ပြားထားသော ဂျုံကို ဖြတ်ပါ။ ချောကလက် အချောင်းလေးများ ၂ ၁/၂ လက်မ အရှည်ခန့် ဖြတ်ယူပြီး ဂျုံသားအရှည်ဘက်ကနေပြီး ဘယ်၊ ညာ ဘေးနှစ်ဖက်စီကို ချောကလက်ချောင်း တစ်ခုစီထည့်ပါ။ ဂျုံပြားဖြင့် ချောကလက်ကို ဘယ်ညာလိပ်ပြီး အကွဲရာကို အောက်ပြန်ထားပါ။ မုန့်ဖုတ်ဗန်းကို ဆီစိမ်စက္ကူခံပြီး Pain Au chocolate များကို ရှေ့နောက်လက် ၂ လုံး ခြားစီထည့်ပါ။ မိနစ် ၃၀ ခန့် အပွခံပြီး ကြက်ဥ တစ်လုံးကို ခလောက်၍ဘရပ်ရှ် ဖြင့် မုန့်အပေါ်ကို သုတ်ပေးပါ။ နောက်ထပ် ၁ နာရီခန့် အပွခံပါ။ မီးအပူချိန် အပေါ်အောက် ၁၇၀ ဒီဂရီစင်တီဂရိတ် တင်ထားပါ။ မီးဖိုအတွင်း အပူချိန် ၁၇၀ ဒီဂရီစင်တီဂရိတ် ပြည့်ရင် အဆင်သင့်ပွနေသော pain Au chocolate ကို ၁၅ မိနစ် (သို့) ရွှေဝါရောင်သန်းလာသည်အထိ ဖုတ်ပါ။ မီးဖိုထဲထုတ် အအေးခံပြီး မိမိကြိုက်နှစ်သက်ရာ ကော်ဖီ၊ လက်ဖက်ရည်တို့ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။